Thursday, January 3, 2013

ပါရမီဖြည့်ခြင်း အနုပညာ

ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။
အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကို နေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမား ကျယ်ပြန့် လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့ ၀န်းကျင်ကို ကောင်းကျိုးပြု မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ် ပညာက ကြီးကျယ်မြင့်မြတ် လာတဲ့အခါ လူသားတစ်ဦးဟာ သူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။
ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ပုံရိပ်၊ သူတော်ကောင်းတွေရဲ့နှလုံးသား၊ သူတော်စင် တွေရဲ့စရဏဖြစ်ပေမဲ့ မြင့်မြတ်သူတွေနဲ့ သာမန် လူတွေရဲ့ ကြားမှာ ကာရံစည်းခြားထားတဲ့ နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။
လူတိုင်းသွားလာနိုင်လောက်အောင် ကြီးမားကျယ်ပြန့်စွာ ဖောက်လုပ် ထားတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုပါ။ ဒီလမ်းမကြီးပေါ်မှာ လျှောက်လှမ်း နိုင်ဖို့ဆိုတာ ရွှေတွေ၊ ငွေတွေ၊ ရားထူးတွေ၊ ဂုဏ်အရှိန်အ၀ါ ပကာသနတွေ ဘာတစ်ခုမှရှိဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သဒ္ဓါ၊ မေတ္တာ၊ ပညာစတဲ့ သူတော် ကောင်းတရားတွေ အပြည့်အ၀ရှိဖို့တော့ လုံးဝလိုအပ်ပါတယ်။
သတ္တ၀ါတွေဟာ နေ့စဉ်”အာရုံ”လမ်းမကြီးပေါ်မှာ “ကံ”ခြေထောက်တွေနဲ့ လျှောက်လှမ်း နေရင်း “ဘ၀”ခြေရာသစ်တွေကို ထင်ကျန် ရစ်စေ နေကြတာပါ။ အဲဒီအထဲမှာ အသိဥာဏ်နဲ့ နှလုံးသား ကောင်းမွန်သူတွေရဲ့ခြေရာတွေက ပြည့်ပြည့်စုံစုံ လှလှပပဖြစ်နေတတ်ပြီး အသိဥာဏ်နည်း နှလုံးသား မည်းသူတွေရဲ့ခြေရာတွေကတော့ တစ်ပိုင်းတစ်စ မလှမပဖြစ်နေတတ်ပါတယ်။ ပြည့်စုံလှပတဲ့ ခြေရာ သစ်တွေဟာ နောက်ဆုံးမှာ “ပါရမီရှင်”တွေဖြစ်လာကြပြီး တစ်ပိုင်းတစ်စ မလှပတဲ့ခြေရာသစ်တွေ ကတော့ သံသရာဝဋ်ကြွေးနွံထဲမှာပဲ နစ်ဝင်ပျောက်ကွယ်ကုန်တတ်ကြပါတယ်။
“ပါရမီ”လို့ ခေါ်ဆိုသတ်မှတ် မြင့်မြတ်တဲ့အမှုကိစ္စအပေါင်းက (၁၀)ခု ရှိပါတယ်။
(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)
(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)
(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)
(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)
(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)
(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)
(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)
(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=
အဓိဋ္ဌာန်ပါရမီ (Determination)
(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ
(Loving-kindness)
(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)
တို့ပဲဖြစ်ပါတယ်။
သာသနာတော်မှ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမသြ၀ါဒကို ခြေခြေမြစ်မြစ် လက်ခံရရှိပြီးသား သူတစ်ဦးအဖို့ ဘ၀သံသရာရှေ့ရေးနဲ့ ပတ်သက်လာရင် (၁) ဒီဘ၀မှာ ကျွတ်တမ်းဝင်ဖို့၊ (၂) ဆုတစ်ခု ခုကို ရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ ဒီအရေးကိစ္စနှစ်ခုကလွှဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။ ဗုဒ္ဓ သာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့ နောက်ဆုံးပန်းတိုင်ဟာ အရိယာပုဂ္ဂိုလ် ဖြစ်ဖို့ပါ။ အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ အရိယသစ္စာကို သိမြင်နိုင်ရမှာပါ။ အရိယသစ္စာကို သိမြင်နိုင်ဖို့ဆိုတာ ပါရမီမရှိဘဲ မဖြစ်နိုင်ပါ။
ပါရမီဆိုတာ မြင့်မြတ်မှုသို့သွားရာ တစ်ကြောင်းတည်းသော ခရီး၊ တစ်ခုတည်းသော လမ်းမကြီး ဖြစ်ပါတယ်။ ပါရမီလမ်းမကြီးကို စွန့်ပြီး မြင့်မြတ်မှုပန်းတိုင်ဆီကို ရောက်နိုင်ရိုးမရှိပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနံ့တွေ သင်းပျံ့နေဆဲ ယခုလိုကာလမျိုးမှာ မြင့်မြတ်မှုကို မြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ်“၀တ်” ထားပြီး ပြုလုပ်အားထုပ်သင့်ကြပါ တယ်။
တကယ်တော့ “ပါရမီ”ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုးတန်ဖိုးထားစရာ အလှပဆုံး “တော်ဝင်ပန်းတစ် ပွင့်”ပါ။ ဒီပန်းကို ခွတ်ဆူးနိုင်ဖို့ဆိုတာ အခြေခံအားဖြင့် တစ်ပါးသူတွေရဲ့ ဒုက္ခကိုလျော့ပါးအောင် ပြုလုပ်လိုတဲ့ ကရုဏာ၊ အများအကျိုး လောကအကျိုးကို တိုးပွားအောင် ရွက်ဆောင်နိုင်တဲ့ ပညာ ရှိဖို့လိုပါတယ်။ တကယ်လို့ ဒီတရားနှစ်ပါးကသာ ကိုယ့်နှလုံးသားမှာ ခမ်းခြောက်နေပြီဆိုရင် ပါရမီ ဆိုတဲ့ပန်းကို လက်လှမ်းမီစရာအကြောင်း မရှိပါဘူး။
ပါရမီဆိုတာ လုပ်ငန်းအပေါ်မှာ အခြေမခံဘဲ နှလုံးသွင်းအပေါ်မှာသာ အခြေခံပါတယ်။ နှလုံးသွင်းစေတနာက ကရုဏာနဲ့ ပညာတရားတို့ဝန်းရံပြီး မြင့်မြတ်မှုရှိပါမှ ပါရမီမည်နိုင်ပါတယ်။ သို့မ ဟုတ်ပါက ပါရမီ မမည်နိုင်ပါ။ ဒါကြောင့် ဒါနလုပ်ငန်းတိုင်း ပါရမီမဖြစ်၊ သီလလုပ်ငန်းတိုင်း ပါရမီ မခေါ်၊ ဘာဝနာလုပ်ငန်းတိုင်း ပါရမီ မမြောက်ပါ။ အချုပ်ဆိုရရင် ကုသိုလ်ကောင်းမှုလုပ်တိုင်း ပါရမီ မဖြစ်နိုင်ပါ။
ဘ၀ကောင်းနဲ့ စည်းစိမ်ချမ်းသာကို တိမ်းညွတ်တဲ့စိတ်လည်း မရှိ၊ မှားယွင်းတဲ့အတွေးခေါ် ဒိဋ္ဌိနဲ့လည်း မယှဉ်၊ မိုးကောင်းကင်သဖွယ် အတွယ်အတာလည်းကင်းပြီး၊ ဗောဓိဥာဏ်ဆိုတဲ့ တစ်ဖက် ကမ်းကိုသာ တမ်းတမ်းစူးစူး အထူးရည်ရွယ်ကာ စင်ကြယ်တဲ့ စိတ်နဲ့ ပြုလုပ်အားထုတ်အပ်တဲ့ ဒါနမှု၊ သီလမှုစတာတွေသာ ပါရမီအစစ် ဖြစ်နိုင်ကြပါတယ်။ ပါရမီဆိုတာ အရေအတွက်ပြဋ္ဌာန်း တဲ့ ဆောင် ရွက်ချက်မဟုတ်ဘဲ အရည်အချင်းပြဋ္ဌာန်းတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ကရုဏာတရားနဲ့ ဒေါသ ကို ဖယ်ရှင်း၊ ပညာ တရားနဲ့ လောဘ မောဟတို့ကို ပယ်ခွင်းနိုင်ပြီး လုပ်ရပ်တိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ အငွေ့အသက်ကင်းပါမှ ပါရမီရနံ့ သင်းပျံ့နိုင်တာပါ။
ကြီးကျယ်ခန့်ညားပြီး မြင့်မြတ်လှတဲ့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်ခြမ်းမှာ ပညာအပြည့်ရှိပါတယ်။ အဲဒီကရုဏာ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကို စတေးပြီး အများကောင်းစားရေးအတွက် လောကအပေါ် စေတနာအပြည့်အ၀ ထားရှိခြင်းဟာ “သူတော်ကောင်းတို့ရဲ့ အစဉ်အလာ တာဝန်တစ်ခု”ပါ။
ပါရမီ နယ်ပယ်မှာ တာဝန်နဲ့လုပ်ငန်းဟာ အင်မတန်ကွဲပြားခြားနားပါတယ်။ သူတော်ကောင်းနှလုံးသားကို အမှီရကာ မြင့်မြတ်တဲ့ သဘောကိုဆောင်ရင် “တာဝန်”ဖြစ်ပြီး သို့မဟုတ်ပါက “လုပ်ငန်း”မျှသာ ဖြစ်ပါ တယ်။ တာဝန်ဟာ ပါရမီအရာမြောက်ပြီး လုပ်ငန်း ကတော့ ကုသိုလ်အရာမှာပဲ တည်ပါတယ်။ ကြေးနဲ့ ရွှေဟာ “၀ါ”တာခြင်းတူပေမဲ့ “တန်ဖိုး”ခြင်း မတူညီနိုင်သလို ရိုးရိုးကုသိုလ်နဲ့ ပါရမီ ကုသိုလ်ဟာလည်း ကုသိုလ်ခြင်းတူပေမဲ့ အရှိန်အ၀ါ အကျိုးပေးတာခြင်း အင်မတန်ခြားနားပါတယ်။
ရိုးရိုးကုသိုလ်ဟာ ကိုယ်ကျိုးရှာ အသာစံလိုမှု ပါဝင်နေတတ်တာမို့ အကြောင်းအားမကောင်းသလို အကျိုးပေးလည်း မသန်တတ်ပါဘူး။ ရိုးရိုးကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကီကျိုးမှာလမ်းဆုံးနေ တတ်ပြီး အကျိုးပေးပြီးရင်လည်း အသစ်ကပြန်စရတာမို့ (ရှာလိုက် ရလိုက် ကုန်သွား လိုက်နဲ့)သံသရာ လည်နေတတ်ပါတယ်။ တစ်ခါတစ်ရံ အကြောင်းမညီညွတ်လို့ လုံးဝအကျိုးမပေးဘဲ အဟောသိကံဖြစ် သွားရတာတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။
ပါရမီကုသိုလ်ကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အရင်းတည်တာမို့ အကြောင်းအား ကောင်းသလို အကျိုးပေးလည်း သန်ပါတယ်။ ပါရမီ ကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကုတ္တရာဖြစ်တာမို့ လောကီသံသရာထဲမှာ လည်မနေတတ်သလို လမ်းဆုံး မရောက်ခင် ပျောက်ပျက်သွားရိုး မရှိတာ ကြောင့် အဟောသိကံဖြစ်သွားတာမျိုးလည်း မရှိပါဘူး။
ရိုးရိုးကုသိုလ်အများစုဟာ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းစတဲ့အဖြစ်တွေနဲ့ လောကကို မိမိဘ၀အ တွက် သိမ်းပိုက်ရန် အားထုတ် တတ်တာကြောင့် အတ္တအသိနဲ့ ငြိနေပြီး တဏှာ၊ မာန၊ ဒိဋ္ဌိတရားဆိုး တွေကို အားပြုတတ်ပါတယ်။ ဒီလိုမျိုး ကုသိုလ်တွေဟာ လောကအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေပါ တယ်။ ပါရမီကုသိုလ်ကတော့ အနိမ့်ဆုံး အညတရများ အပါအ၀င် လောက တစ်ခုလုံးအတွက် မိမိရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွတ်နိုင်တာကြောင့် အနတ္တဥာဏ်နဲ့ ဆက်ဆံနေပြီး သဒ္ဓါ၊ မေတ္တာ၊ ပညာ တရားတို့ကို အားပြုတတ်ပါတယ်။ ဒီလိုကုသိုလ်မျိုးဟာ လောကအတွက် ဘေးမဖြစ်ဘဲ ဆေးဖြစ်စေ ပါတယ်။
အချုပ်ပြောရရင် ရိုးရိုးကုသိုလ်ဟာ လောကီကျိုးကိုသာ ဖြစ်စေနိုင်တယ်။ အဆိပ်ရှိတယ်၊ မခိုင်မာဘူး၊ ပျက်စီးပျောက်ကွယ်တတ်တယ်။ ပါရမီကုသိုလ်ကတော့ လောကီကျိုးကိုသာမက လောကုတ္တ ရာအကျိုးကိုပါ ဖြစ်စေနိုင်တယ်။ အဆိပ်မရှိ၊ ခိုင်မာတယ်၊ မပျက်ပြယ်ပါဘူး။ ဒါကြောင့်မို့ အသိဥာဏ် ကြီးသူတိုင်းဟာ ရိုးရိုးကုသိုလ်ထက် ပါရမီကုသိုလ်ကို ပိုပြီး မြတ်နိုးတန်ဖိုးထားလေ့ ရှိပါတယ်။ တကယ်တော့လည်း ပါရမီကုသိုလ်ရဲ့ မြတ်နိုးဖွယ်ရသကို သူတော်ကောင်းနှလုံးသားရှိမှ ခံစားနား လည်နိုင်တာပါ။
ပါရမီအမှု ၁၀-ခုကိုကြည့်ရင် ပါရမီဖြည့်တယ်ဆိုတာ ဘ၀သံသရာ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ အစီအစဉ်မဲ့ မျောပါနေခြင်း မဟုတ်ဘဲ အစီအစဉ်နဲ့ စနစ်တကျ ကူးခတ်နေခြင်းဆိုတာ ပေါ်လွင်လှပါ တယ်။ မြင့်မြတ်တဲ့ရည်မှန်းချက်အပေါ်မှာ အခြေခံတဲ့ ကံအဆောက်အဦ (ပုညသမ္ဘာရ)၊ ဥာဏ်အ ဆောက်အဦ (ဥာဏသမ္ဘာရ)တွေ မြင့်တက်ရင့်ကျက်ခိုင်မာ ပြည့်စုံလာခြင်းကို “ပါရမီဖြည့် တယ်”လို့ ခေါ်ဆိုတာပါ။
ဒါကြောင့် ပါရမီဖြည့်တယ်ဆိုတာ သံသရာတစ်ခွင် ကျင်လည်ခဲ့ရစဉ် ဘ၀တွေမှာ ကိလေသာ “မြစ်”၊ ဒုစရိုက် “ချောင်း”၊ အနုသယ “အင်းအိုင်”တွေရဲ့ တိုက်စား, လှိုက်စား, နှိုက်စားခံရမှုတွေ ကြောင့် ချိုင့်ဝင်နိမ့်ပါး ပျက်စီးသွားခဲ့ရတဲ့နေရာတွေမှာ အစားထိုးနိုင်ဖို့ သိပ်ပေးခြင်း၊ ရည်မှန်းချက်ပန်း တိုင်ကို လှမ်းကိုင်ခူးဆွတ်နိုင်အောင် စိတ်အား၊ ဥာဏ်အား၊ အကျင့်အားတွေ ကို ဖြည့်ဆည်းမြှင့်တင် ပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဒီနေရာမှာ ဘာ့ကြောင့် “ပါရမီဖြည့်ဖို့လိုသလဲ”ဆိုတဲ့ မေးခွန်းဟာ ပါရမီဖြည့်ခြင်း အနုပညာရဲ့ အဓိက အသည်းနှလုံးဖြစ်ပါတယ်။ (၁) အများအကျိုး, လောကအကျိုးကို ထူးချွန်ထက်မြက်စွာ သယ် ပိုးရွက်ဆောင်နိုင်ဖို့နဲ့၊ (၂) ဗောဓိဥာဏ်ကို ရနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုဟာ ပါရမီဖြည့်ဖို့ရာ အဓိက လိုအပ်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။
“ပါရမီဖြည့်တယ်”ဆိုတာ (တစ်နည်းအားဖြင့်ပြောရရင်) လောဘ၊ အတ္တ၊ မာနတွေကြောင့် အကျည်းတန်အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို အလှပ၊ အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင် ခြယ်မှုန်းပြုပြင် တန်ဆာဆင်ပေးတာကို ခေါ်တာပါ။ ဘုရား အလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်တယ်ဆိုတာ မိမိရဲ့ဘ၀၊ မိမိရဲ့စေတနာကို လှသည်ထက်လှအောင် အားထုတ် ခြင်းဖြစ်ပါတယ်။
ကြာပန်းရဲ့အလှဟာ ရေကန်ကို တန်ဆာဆင်နိုင်သလို ဘ၀ရဲ့အလှဟာလည်း လောကကို တန်ဆာဆင်ပေးနိုင်ပါတယ်။ ပါရမီတွေပြည့်ဝလို့ မိမိရဲ့ဘ၀က ပို၍ပို၍လှလေ၊ လောကကိုလည်း ပို၍ ပို၍လှအောင် တန်ဆာဆင်နိုင်လေဖြစ်ပါတယ်။ ဒါကြောင့် အများအကျိုး လောကအကျိုးကို ထူးချွန် ထက်မြက်စွာ သယ်ပိုး ရွက်ဆောင် လိုသူတွေဟာ ပါရမီပြည့်အောင် ဖြည့်ကျင့် အားထုတ်ကြတာပါ။
နောက်ပြီး ဗောဓိဥာဏ်ကို ရရှိခြင်းဟာ ဘ၀မှာ အမြင့်မားဆုံး အကျိုးစီးပွား၊ အမွန်မြတ်ဆုံး ပန်း တိုင်ဖြစ်ပါတယ်။ တခြားအကျိုးစီး ပွားတွေဟာ အ၀ိဇ္ဇာ (မသိမလိမ္မာမှု)က ရှာပေးတဲ့ပန်းတိုင်ဖြစ်ပြီး၊ ဗောဓိဥာဏ်သည်သာ ၀ိဇ္ဇာ (တတ်သိလိမ္မာမှု)က ရှာဖွေပေးတဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ၀ိဇ္ဇာက ရှာဖွေ ပေးတဲ့ ဒီပန်းတိုင်ဆိုတာ ပါရမီပြည့်မှ ရောက်နိုင်တာမျိုးပါ။ ဒါကြောင့် ဗောဓိဥာဏ်ရလိုသူတွေဟာ ပါရမီပြည့်အောင် ဖြည့်ကျင့်အားထုတ်ကြတာပါ။
ပါရမီဆိုတာ လူစွမ်းကောင်း လူရည်ချွန်တွေရဲ့ သီးသန့်ဥစ္စာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့နှလုံး သားနဲ့ လောကကိုချစ်ခင် အလှဆင်လို သူတိုင်း ဖြည့်ကျင့်ဆည်းပူးနိုင်တဲ့ လူ့ကျင့်ဝတ်တွေပါ။ ရိုးရိုးရှင်းရှင်းပြောရရင် ပါရမီဖြည့်တယ်ဆိုတာ လူသားတစ်ဦး အနေနဲ့ မြင့်မြတ်တဲ့လူ့ကျင့်ဝတ်တွေကို လူသားဆန်ဆန် ပီပြင်စွာ ဖြည့်ကျင့်အားထုတ်တာကို ခေါ်တာပါ။ ပါရမီဆိုတာ မိမိအတွက် စွန့်လွတ် အနစ်နာခံရတာမို့ အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့စရာ မကောင်းပေမဲ့ အနှစ်သာရအနေနဲ့ ကတော့ လောက အတွက် မြင့်မြတ်တဲ့ “စံ”တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ်အတိ ဖြစ်ပါတယ်။ တကယ်တော့ ပါရမီ ဖြည့်ခြင်း အနုပညာဆိုတာ မိမိဘ၀ကို သာမက လောကနဲ့ ၀န်းကျင်ကိုပါ အကောင်းဆုံးအလှဆင်ပေး တတ်တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
စီးဆင်းနေတဲ့ရေဟာ သူလိုရာမရောက်ခင် လမ်းမှာ တွေ့သမျှ ချိုင့်ဝှမ်းတွေကို ဖြည့်တင်းသွားရ သလို ပါရမီရှင်တစ်ဦးဟာလည်း သူလိုရာပန်းတိုင်ကို မရောက်ခင် ဘ၀မှာ တွေ့ရသမျှ ဟာကွက် ပျော့ကွက် လိုအပ်ချက်တွေကို ကြည်နူးဝမ်းမြောက်စွာ စွန့်လွတ်ဖြည့်ဆည်းသွားမှာပါ။
ကရုဏာ ပညာတရားတွေနဲ့ မိမိဘ၀ကိုစတေးပြီး အများအကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ ကျင့်ဝတ်၊ သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ဒီကမ္ဘာပေါ်မှာ ပါရမီပန်းတွေကတော့ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ……………။

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)