…မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်
မာလုကျပုတ္တ မည်သော ရဟန်းတစ်ပါးသည် ဤသို့ အကြံဖြစ်သည်။ လောကသည် မြဲ၏ဟု၎င်း၊
မမြဲဟု၎င်း၊ လောကသည် အဆုံးရှိသည်ဟု၎င်း၊ အဆုံးမရှိဟု၎င်း၊ အသက်သည်
ခန္ဓာကိုယ်နှင့် အတူတကွ ရှိသည် ဟု ၄င်း၊ မရှိဟု၎င်း၊ သတ္တ၀ါတို့သည်
သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ ဖြစ်သည်ဟု၎င်း၊ သတ္တ၀ါတို့ သည် သေသည်
အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ မဖြစ်တော့ဟူ၍၄င်း၊ သတ္တ၀ါတို့သည် သေသည် အခြားမဲ့၌
ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟူ၍၄င်း၊ မြတ်စွာဘုရားသည် ငါ့အား
မဟောကြားပေ။
…မြတ်စွာဘုရားသည် ဤအကြောင်းအရာတို့ကို မသိပါက သူတော်ကောင်းပီသစွာ
ဝန်ခံပြောကြား ရမည်။ ဤအကြောင်းအရာ တို့ကို ပြတ်သားစွာ မဟောကြားပါက
ဂေါတမဘုရား၏ သာသန ဘောင်တွင် မနေတော့ပဲ လူထွက်တော့မည်ဟု အကြံဖြစ်ပေါ်သည်။
…မာလုကျပုတ္တသည် သူအကြံဖြစ်သည့်အတိုင်း မြတ်စွာဘုရားထံ သွား၍လျှောက်သည်။
…မြတ်စွာဘုရားသည် မာလုကျပုတ္တကို ဤသို့မေးပါသည်။ “မာလုကျပုတ္တ…ငါဘုရားသည်
ဤအကြောင်းအရာတို့ကို ဟောကြားမည်။ ငါ့ထံ ရဟန်းပြုလှည့်ပါဟု ခေါ်ဖူးပါသလား” ဟု
မေးပါသည်။
…မာလုကျပုတ္တက “မခေါ်ဖူးပါ”ဟု ပြန်၍ လျှောက်သည်။ “သင်သည်
ငါဘုရားအားဤအကြောင်းအရာတို့ကို ဟောကြားပါရန် လျှောက်ဖူးပါ သလား”ဟု
မေးပါသည်။ မာလုကျပုတ္တက “မလျှောက်ဖူးပါ”ဟု လျှောက်သည်။ “အချည်းနှီးသော
ယောက်ျား ဤအကြောင်းအရာ တို့ကို ဟောကြားပါရန် ငါဘုရားကို မည်သူကမျှ
လျှောက်ထားခြင်း မရှိပါပဲ မည်သူ့ကို အကြောင်းပြု၍ ဟောရပါမည်နည်း။
…မာလုကျပုတ္တ…ဤအကြောင်းအရာတို့ကို မဟောသမျှ ငါ၏တရားကို
မကျင့်ဟုဆိုငြားအံ့၊ ထိုသူသည် ငါထံမှ မဂ်တရားဖိုလ်တရား မသိရမှီ သေဆုံးရာ၏။
ငါဘုရားသည် ထိုတရားကို မည်သည့်အခါမျှ ဟောကြားမည် မဟုတ်ပေ။
…ဥပမာအားဖြင့် လူတစ်ဦးသည် အဆိပ်လူးသောမျှားဖြင့် အပစ်ခံရအံ့၊ ထိုသူကို
သူ၏ဆွေမျိုးများက ဆေးဆရာခေါ်ပြီး မျှားနုတ်၍ ဆေးကုရန် ပြောကြားရာ၏။
မျှားမှန်သူက မျှားမနုတ်ပါနှင့်အုံး၊ ဒီမျှားကို မည်သူက ပစ်ပါသနည်း၊
အဘယ်ကြောင့် ပစ်ပါသနည်း၊ မည်သို့သောအဆိပ်ကို သုံးပါသနည်း၊
ထိုအကြောင်းအရာတွေသိရမှ ဆေးကုမည်ဆိုငြားအံ့၊ ထိုသူသည် သူသိလိုသော
အကြောင်းအရာတို့ မသိရမှီ သေဆုံးရာ၏။
…ထို့အတူ လောကသည် မြဲ၏ဟု၎င်း၊ လောကသည် မမြဲဟု၎င်း၊ လောကသည်
အဆုံးရှိသည်ဟု၎င်း၊ လောကသည် အဆုံးမရှိဟု၎င်း၊ အသက်သည်
ခန္ဓာနှင့်အတူတကွရှိသည်ဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့် အတူတကွ မရှိဟု၎င်း၊
သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန်ပြန်၍ ထပ်မံ ဖြစ်သည်ဟု၎င်း၊ ဘ၀တစ်ဖန်
ထပ်မံမဖြစ်တော့ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ထပ်မံ၍ ဖြစ်သည်
လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟူ၍၄င်း၊ ထိုသို့အယူအမျိုးမျိုးရှိသူတို့သည်
ထိုအယူအမျိုးမျိုးဖြင့် ဆင်းရဲအမျိုးမျိုးမှ လွတ်မြောက်သော
မဂ်ဥာဏ်ဖိုလ်ဥာဏ်ကို သိမြင်နိုင်ပါ မည်လောဟု မေးတော်မူသည်။
…မာလုကျပုတ္တ…ဤသို့သောအယူရှိသူတို့သည် ပဋိသန္ဓေနေရခြင်း၊ အို၊ နာ၊
သေရခြင်းစသော ဒုက္ခ အမျိုးမျိုး ဖြစ်ကြရကုန်၏။ ထိုဆင်းရဲအပေါင်းမှ
လွတ်မြောက်ရန်အတွက် ယခုပင်လျှင် ငါ၏ တရားတော်ကို ကျင့်ကြံအားထုတ်ပါ” ဟု
ဟောတော်မူသည်။
ဗုဒ္ဓမဟောသောတရား…
…မာလုကျပုတ္တ…ငါဘုရားမဟောသောတရားကား အဘယ်နည်း။ လောကသည်မြဲ၏ဟု၎င်း၊
လောကသည် မမြဲဟု၎င်း၊ လောကသည် အဆုံးရှိသည်ဟု၎င်း၊ လောကသည် အဆုံးမရှိဟု၎င်း၊
အသက်သည် ခန္ဓာကိုယ်နှင့်အတူတကွ ရှိသည်ဟု၎င်း၊ အသက်သည် ခန္ဓာကိုယ်နှင့်အတူတကွ
မရှိဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ ဘ၀တစ်ဖန် ပြန်၍ဖြစ်သည်ဟု၎င်း၊
သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌ မဖြစ်တော့ဟု၎င်း၊ သတ္တ၀ါတို့သည်
သေသည့်အခြားမဲ့၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟူ၍၄င်း၊
ဤအကြောင်းအရာတို့ကို ငါဘုရားသည် မည်သည့်အခါမျှ ဟောကြားမည် မဟုတ်ပေ။
…အဘယ့်ကြောင့်ဆိုသော် ထိုအကြောင်းအရာတို့သည်
လောကီအကျိုးစီးပွါးနှင့်လည်းမစပ်၊ လောကုတ္တရာအကျိုးစီးပွါးနှင့်လည်း မစပ်၊
မဂ်ဥာဏ်ဖိုလ်ဥာဏ်နှင့်လည်းမစပ်၊ သစ္စာလေးပါးကို
သိမြင်ခြင်းငှါနှင့်လည်းမစပ်၊ ထို့ကြောင့် ဤအကြောင်းအရာတို့ကို
ငါဘုရားမဟောကြားခြင်းဖြစ်သည်။
ဗုဒ္ဓဟောကြားသောတရား…
…မာလုကျပုတ္တ…ငါဘုရားသည် အဘယ်တရားကို ဟောကြားသနည်းဟူမူ ဤတရားသည်
ဆင်းရဲခြင်း သဘောဖြစ်သည်။ သမုဒယ တဏှာသည် ဆင်းရဲခြင်းသဘောကို ဖြစ်စေသည်။
ဤတရားသည် ဆင်းရဲခြင်း ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်သောနိဗ္ဗာန်ဖြစ်သည်။
ဤတရားသည် ဆင်းရဲခြင်းမှ လွတ်စေသော ကျင့်စဉ်ဖြစ်သောကြောင့်
ဟောကြားခြင်းဖြစ်သည်။
…ထိုတရားကို ငါဘုရား အဘယ့်ကြောင့် ဟောကြားသနည်းဟူမူ ထိုတရားတို့သည်
သတ္တ၀ါတို့၏ အကျိုးစီးပွားနှင့်လည်း စပ်၏။
ကိလေသာချုပ်ငြိမ်းခြင်းငှါလည်းစပ်၏။ သစ္စာလေးပါးကို သိမြင်ခြင်း
ငှါလည်းစပ်၏။ နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်းငှါလည်းစပ်၏။ ဤတရားသည်
သတ္တ၀ါတို့အတွက် လွန်စွာအကျိုးများသောကြောင့် ငါဘုရားဟောကြားခြင်းဖြစ်သည်။
…မာလုကျပုတ္တ…သင်သည် ငါဘုရားက သတ္တ၀ါတို့အတွက် အကျိုးများသောကြောင့်
ဟောကြားသော တရားကို ဟောကြားသည့် အတိုင်းသာ မှတ်သားထားပါလော့၊
ငါဘုရားက…သတ္တ၀ါတို့အတွက် အကျိုးမများသောကြောင့် မဟောကြားသောတရားကို
မဟောသည့် အတိုင်းသာ မှတ်သားထားပါလော့ ဟု မိန့်တော်မူသည်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်-စူဠမာလုကျပုတ္တသုတ်မှ)
ဝေါဟာရစကားမှ လွတ်သောတရား…
…အခါတစ်ပါး၌ မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံး
နေတော်မူစဉ် ၀စ္တအနွယ်ဖြစ်သော ပရိဗိုလ်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး
လျှောက်ပါသည်။
…“မြတ်စွာဘုရား၊
လောကသည်မြဲ၏ဟု၎င်း၊ မမြဲဟု၎င်း၊ လောကသည် အဆုံးရှိသည်ဟု၎င်း၊
အဆုံးမရှိဟူ၍၄င်း၊ အသက်သည် ခန္ဓာကိုယ်နှင့်အတူတကွရှိသည်ဟု၎င်း၊ အသက်သည်
ခန္ဓာကိုယ်နှင့် တခြားစီတည်ရှိနေသည်ဟု၎င်း၊ သတ္တ၀ါတို့သည် သေသည့်အခြားမဲ့၌
ဘ၀တစ်ဖန်ပြန်၍ ဖြစ်သည် ဟု၎င်း၊ ဘ၀တစ်ဖန်ပြန်၍ မဖြစ်တော့ဟု၎င်း၊
ဤသို့သောအယူရှိသူသာ မှန်သည်။ တခြားသော အယူရှိသူတို့သည် မှားသောအယူရှိသူ ဟူ၍
သတ်မှတ်နိုင်ပါမည်လား” ဟု လျှောက်သည်။
…ငါဘုရားသည် “ဤသို့ အယူမရှိပါ” ဟု ဖြေသည်။ “မြတ်စွာဘုရား… ဤသို့ဆိုပါက
အဘယ်အပြစ်ကို မြင်၍ ဤအယူကို မယူပါသနည်း” ဟု လျှောက်သည်။ “ဤအယူတို့သည်
ဘ၀အတွက် တောင့်တမှု၊ ကြောင့်ကြမှု၊ ပူဆွေးမှုစသော စိတ်၏ ဆင်းရဲခြင်းသဘောများသာ
ဖြစ်စေသည်။ ထိုအယူတို့သည် သံသရာမှ လွတ်မြောက်ခြင်းငှါ မဖြစ်၊
ကိလေသာချုပ်ငြိမ်းခြင်းငှါ မဖြစ်၊ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရရှိခြင်းငှါ မဖြစ်၊
ထိုအယူတို့သည် (မိစ္ဆာအယူ)များသာဖြစ်၏။”
…၀စ္ဆက…“အရှင်ဘုရား…ဤသို့ဆိုပါက တပါးသောအယူများ ရှိပါသလားဘုရား”
…၀စ္ဆ…“ငါဘုရားသည် (အယူဟူသောဝေါဟာရစကား) အားလုံးကို
စွန့်ပယ်ပြီးဖြစ်သည်”ဟု မိန့်တော်မူသည်။ ၀စ္ဆ…“ငါဘုရားသည် ခန္ဓာငါးပါး၏
ဖြစ်ခြင်းပျက်ခြင်း သဘောများကို ထူးသော ပညာဥာဏ် မျက်စိဖြင့် မျက်ဝါးထင်ထင်
သိမြင်ပြီးဖြစ်သည်။ ဤသို့ သိမြင်ပြီးဖြစ်သောကြောင့် ငါ့ကိုယ်၊ ငါ့ခန္ဓာ၊
ငါ့အသက်၊ ငါ့ဝိညာဉ်၊ ငါ့လိပ်ပြာဟု မှားယွင်းစွာ စွဲလမ်းသော
ဥပါဒါန်အားလုံးကို ပယ်ပြီး ဖြစ်သည်။ ထိုဥပါဒါန်တို့မှ တစ်ဆင့်ဖြစ်ပေါ်လာသော
ငါ၊ အို၊ နာ၊ သေ ရအုံးမည်၊ ငါသေလျှင် နောင်တမလွန်၌ ဘ၀အမျိုးမျိုးဖြစ်၍
ကျင်လည်ရအုံးမည်ဟူသော ဥပါဒါန်အစွဲ မဖြစ်သောကြောင့် ခန္ဓာငါးပါးအပေါ်၌
သာယာတက်မက်ခြင်း၊ မာနထောင်လွှားခြင်း စသော သမုဒယတဏှာများ မဖြစ်တော့ပေ။
တဏှာချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခအပေါင်းမှ လွတ်မြောက်တော့၏။”
“အရှင်ဘုရား…ဤသို့ လွတ်မြောက်သောရဟန်းသည် ယခုဘ၀မှ စုတေ သေလွန်သော်
ဘ၀တစ်ဖန် ပြန်၍ဖြစ်ရအုံးမည်လော” ဟု လျှောက်သည်။ မြတ်စွာဘုရားက “ဤသို့
ဥပါဒါန်မှ လွတ်မြောက်သော ရဟန်းသည် ပဋိသန္ဓေနေခြင်းသို့ မရောက်”ဟု
မိန့်ရှိသည်။ “မြတ်စွာဘုရား…ထိုရဟန်းသည် ပဋိသန္ဓေနေခြင်းသို့ မရောက်
သို့မဟုတ် မနေရခြင်းသို့ မရောက်”ဟု ဆိုလိုပါသလားဟု လျှောက်သည်။
“၀စ္ဆ…ထိုရဟန်းသည် ပဋိသန္ဓေနေရခြင်းသို့လည်း မရောက်၊ မနေရခြင်းသို့လည်း
မရောက်”ဟု မိန့်တော်မူသည်။ “တပည့်တော် သည် ရှေ့ကဟောကြားခဲ့သောတရားတို့ဖြင့်
စိတ်၌ကြည်လင်လျှက် ရှိပါသည်။ ယခုမူ တပည့်တော်၏စိတ်သည် တွေဝေခြင်း၊
နားမလည်ခြင်း အဖြစ်သို့ ရောက်ရပါသည်။ ရှင်းလင်းအောင် ထပ်မံဟောကြားပါရန်”
လျှောက်ထားသည်။
“၀စ္ဆ…သင်နားမလည်ခြင်း၊ တွေဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်းသည်
ဖြစ်ထိုက်ပါပေသည်။ ငါ၏တရားသည် တိမ်မယောင်နှင့် နက်လှသည်၊ လွယ်မယောင်နှင့်
ခက်လှသည်။ သင်ကဲ့သို့ တခြားသောအယူရှိသူကို မဆိုထားနှင့်၊
ငါ၏သာသနာတော်အတွင်း၌ ရှိကြသောရဟန်းရှင်လူတို့သည် ယောနိသောမန သီကာယတို့ဖြင့်
အာရုံစူးစိုက်ကား လေ့လာနာယူ ပွားများအားထုတ်မှ သိနိုင်သောတရားဖြစ်သည်။
…သာမန်သိလိုသူတို့နှင့် ထိုက်တန်သောတရား မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော်
ထိုသူတို့သည် မိမိယုံကြည်လက်ခံထားသော အယူတို့နှင့် မတူပါက (အမှားအမှန်
သေချာစွာ မစီစစ်တော့ပဲ အမှားဟု ထင်ကာ)ပယ်ချတတ်သောကြောင့် ဖြစ်သည်။
…၀စ္ဆ… သင့်ကို ငါမေးမည်။ သင်နှစ်သက်သလိုသာ ဖြေကြားပါလော့။
ဥပမာ-သင်၏အနီးတွင် တောက်လောင်နေသော မီးဖိုကြီးတစ်ခု ရှိသည်ဆိုပါစို့။
ထိုမီးဖိုကို သင်မြင်တွေ့သည် မဟုတ်ပါလား။”
“မှန်လှပါ၊ ထိုမီးဖိုကို မြင်တွေ့နိုင်ပါသည်။”
“၀စ္ဆ…ထိုမီးတောက်သည် မည်သည့်အရာကို အစွဲပြု၍ တောက်လောင်သနည်း။”
“မှန်လှပါ၊ ထင်းမြက်ခြောက်တို့ကို အစွဲပြုတောက်လောင်ပါသည်။ “အကယ်၍
ထိုမီးသည်ငြိမ်းသွား ပါအံ့၊ ထိုငြိမ်းသွားသော မီးတောက်ကို
သင်မြင်နိုင်ပါမည်လော” ဟု မေးတော်မူသည်။ “မှန်လှပါ၊ မြင်နိုင်ပါသည်ဘုရား”ဟု
လျှောက်သည်။
“၀စ္ဆ…ငြိမ်းသွားသောမီးသည် မည်သည့်အရပ်၊ မည်သည့်ဌာနသို့ ရောက်သွားသည်ကို
သင်…ဖြေကြားပါလော့” “မြတ်စွာဘုရား…ငြိမ်းသွားသော ထိုမီးတောက်သည်
မည်သည့်အရပ်၊ မည်သည့်ဌာနသို့ ရောက်သွားသည်ကို ဖြေကြားရန် မသင့်တော်ပါ။
ထိုမီးတောက်သည် လောင်စာကို အစွဲပြု၍ တောက်လောင်သောကြောင့် လောင်စာဖြစ်သော
မြက်ခြောက်၊ ထင်းတို့ ကုန်ခန်းသွား သောကြောင့် မီးတောက်သည်လည်း
အလိုလိုငြိမ်းသွားသောအဖြစ်သို့ ရောက်သွားပါသည်။”
“၀စ္ဆ…ထို့အတူပင် ခန္ဓာငါးပါးကို ငါ၊ သူ၊ သတ္တ၀ါ၊ ယောက်ကျား၊ မိန်းမ ဟူသော
ဝေါဟာစကားတို့ဖြင့် ပညတ်သော် ပညတ်ရာ၏။ စကားအဖြစ် ခေါ်ကာ၊ ပြောကာ၊
ခေါ်ပြောရသည်။ ထိုပညတ်တို့သည် သမုတိသစ္စာသဘောဖြင့် ခေါ်ပြောရသော်လည်း
အကောင်အထည်၊ ပုံဟန်သဏ္ဍာန်ဖြင့် ရှိသည်ဟု ငါဘုရား၏စိတ်၌ စွဲလမ်းမှုဥပါဒါန်
မဖြစ်တော့ပေ။ စွဲလမ်းမှုဥပါဒါန် မဖြစ်သောကြောင့်
(ဇက်ပြတ်ပြီးသောထန်းပင်)ငုတ်သည် အသစ်တစ်ဖန်ပြန်၍ အတက်မပေါက်နိုင်သကဲ့သို့
ငါဘုရားသည်လည်း ငါ၊ သူ၊ သတ္တ၀ါဟူသော အစွဲဥပါဒါန်များ မရှိတော့သောကြောင့်
ဘ၀တစ်ဖန် ထပ်မံ၍ မဖြစ်တော့ပေ။ ဘ၀မဖြစ်သောကြောင့် ငါသည် အို၊ နာ၊ သေ
ရခြင်းမှ လွတ်တော့၏။ အို-နာ-သေမှလွတ်သော် ငြိမ်းအေးချမ်းသာသော နိဗ္ဗာန်သို့
မျက်မှောက်ပြုတော့၏။”
…၀စ္ဆက လျှောက်ပြန်သည်။ “တရားအပေါင်းကို သိတော်မူသော မြတ်စွာဘုရား၊
ဥပမာအားဖြင့် အကိုင်းအခက်၊ အသီးအပွင့် တို့ဖြင့် ပြည့် စုံသော
အင်ကြင်းပင်ကြီးတစ်ပင်ရှိရာ၏။ ထိုအင်ကြင်းပင်ကြီး သည် သင်္ခါရသဘောတရားဖြင့်
နှစ်ပေါင်းများစွာကြာသောအခါ အကိုင်း အခက်၊ အသီးအပွင့်တို့သည်
ဆွေးမြေ့ပျက်စီးရာ၏။ သို့သော်လည်း မဆွေး၊ မမြေ့၊ မပျက်စီးပဲ အနှစ်သက်သက်သာ
ကျန်ရှိနေသော အင်ကြင်းပင်ကဲ့သို့ မြတ်စွာဘုရား၏ တရားတော်သည် အစ-အလယ်-အဆုံး
သုံးပါးစလုံး၌ကောင်းခြင်း မင်္ဂလာအဖြာဖြာ တို့ဖြင့် ပြည့် စုံကောင်းမွန်
လှပါပေသည်။ တပည့်တော်ကိုလည်း အရှင်ဘုရား၏ တပည့်သာဝကအဖြစ် မှတ်ယူတော်မူပါဟု”
လျှောက် ထား တောင်းပန် ပါသည်။
(မဇ္စျိမပဏ္ဏာသပါဠိတော်-အဂ္ဂိဝစ္ဆသုတ်မှ)
0 comments:
Post a Comment
လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်
အရှင်ယဿ(လယ်တီ)