Monday, April 8, 2013

မဟာသတိပဋ္ဌာနသုတ်

ဤ မဟာသတိပဋ္ဌာနသုတ် ကို ဗုဒ္ဓသည် ကုရုတိုင်း ကမ္မာသဓမ္မ မည်သော နိဂုံးရွာ တွင် သီတင်းသုံးစဉ်၊ ဘိက္ခူရဟန်းတို့ အားဟောကြားခဲ့သော ဒေသနာတော် ဖြစ်သည်။

တရားအနက်

ဤ လေးပါးကုန်သော တရားတို့၌ သတိကို စွဲမြဲစွာပြု၍ ကျင့်ရသော သတိပဋ္ဌာန်မည်သော အကျင့်သည်ရှိ၏ ဤအကျင့်ကား
၁၊ စိတ်အညစ်အကြေးတို့ ကင်းဝေးစင်ကြယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၂၊ ပူဆွေးသောကရောက်ခြင်းမှ လွန်မြောက်နိုင်စေသော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၃၊ ဒေါသကြောင့် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းပျောက်ကွယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၎၊ ဘဝ တဏှာ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်မည်သော တရားကို မျက်မှောက်ပြုနိုင်သော (ရရှိနိုင်သော) တခုတည်းသော အကျင့်နည်းလမ်းပေတည်း။

ဤလေးပါးကုန်သော သတိပဋ္ဌာန် အကျင့်ဆိုသည်မှာ အဘယ်နည်း။
-    ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ ရုပ်ကိုလည်း၊ ရုပ်မျှသာဟုရှုမြင်လျှက်၊ ရုပ်ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။
-    ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိခံစားရသော ဝေဒနာတို့ကိုလည်း၊ ဝေဒနာမျှသာဟုရှုမြင်လျှက်၊ ဝေဒနာကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။
-    ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ စိတ် ကိုလည်း၊ စိတ်မျှသာဟုရှုမြင်လျှက်၊ စိတ်ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။
-    ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ ဉာဏ်တွင်ထင်သော တရားများကိုလည်း၊ တရား မျှသာဟုရှုမြင်လျှက်၊ ထိုတရားများ ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။

ကာယာနုပဿနာ

အာနာပါန ရှုမှတ်ပုံ

ရဟန်းသည် မိမိ၏ ရုပ်ကို၊ ရုပ်မျှသာ ဟူ၍ရှုမြင်လျှက် မည်ကဲ့သို့ နေပါသနည်း။ တရားအားထုတ်သော ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်၏ခြေရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်သော ကျောင်းသို့ သွားရောက်၍ဖြစ်စေ၊ ခန္ဓာကိုယ် အထက်ပိုင်းကို ဖြောင့်ဖြောင့်ထိုင်ရမည်။ ထိုင်ပြီးလျှင် သတိကို တည်စေ၍ အသက်ရူသွင်းလျှင်လည်း၊ ရူသွင်းသည်ဟုသိရမည်။ အသက်ရူထုတ်လျှင်လည်း၊ ရူထုတ်သည်ဟု သိရမည်။ ရှည်ရှည် ရူထုတ်လျှင်လည်း၊ ရှည်ရှည် ရူထုတ်သည်ဟုသိရမည်။ တိုတို ရူထုတ်လျှင်လည်း၊ တိုတို ရူထုတ်သည်ဟု သိရမည်။ ရူသွင်းမှု၏ စ၊ လည်၊ ဆုံးကို သတိမလွှတ်စေဘဲ သိရမည်။ ရူထုတ်မှု၏ စ၊ လည်၊ ဆုံးကို သတိမလွှတ်စေဘဲ သိရမည်။ ဥပမာ၊ ကျွမ်းကျင်သော ကြိုးပွတ်သမားသည် ကြိုးပွတ်ရာတွင် (ကြိုးအား) ရှည်ရှည်ဆွဲလျှင်လည်း ရှည်ရှည်ဆွဲသည်ဟု သိ၏၊ တိုတိုဆွဲလျှင်လည်း တိုတိုဆွဲသည်ဟု သိ၏ ဤကြိုးပွတ်သမားနည်းတူ ရဟုန်းသည် အသက် ရူသွင်းလျှင်လည်း ရူသွင်းသည်ကို သေချာသိ၏၊ အသက် ရူထုတ်လျှင် လည်း ရူထုတ်သည်ကို သေချာသိ၏ ရူသွင်း၊ ရူထုတ်သော ထွက်သက်ဝင်သက် ရုပ်အပေါင်းအား ရုပ်အပေါင်းဟုသာ သိ၏ မည်သို့ သိရမည်ဆိုလျှင် ဝင်သက်၊ ထွက်သက် ရုပ်အပေါင်းသာ ရှိသည်၊ (ရူတတ်၊ ရှိုက်တတ်သော) ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

က္ကုရိယာပိုင်း ရှုမှတ်ပုံ

အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သွားလျှင်လည်း သွားသည်ဟု သိ၏ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏ လျောင်းလျှင်လည်း (အိပ်လျှင်လည်း) လျောင်းသည်ဟု သိ၏ ဤသို့ဖြင့် ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်နေ၏ ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်သည့်အတိုင်း ထိုထို အမူအရာဖြင့် တည်နေသည်ဟု သိ၏ ထိုထို အမူအရာဖြင့် တည်ရှိနေသော ရုပ်အပေါင်းအား ရုပ်အပေါင်းဟုသာ သိ၏ မည်သို့ သိရမည်ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှုတို့ဖြင့် တည်ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။
ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ကိုယ်ဟန် အမူအယာ ရှုမှတ်ပုံ

အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ရှေ့သို့သွားလျှင် လည်းကောင်း၊ နောက်သို့ ဆုတ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ တည့်တည့် ကြည့်လျှင် လည်းကောင်း၊ ငဲ့စောင်း၍ ကြည့်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ ဆန့်ထားသော လက်ကို ကွေးလျှင် လည်းကောင်း၊ ကွေးထားသော လက်ကို ဆန့်တန်းလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ သင်္ကန်းကို ဝတ်ရုံလျှင် လည်းကောင်း၊ သပိတ်ကို ကိုင်တွယ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ အစားအစာ စားသောက်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ ကျင်ကြီးကျင်ငယ် စွန့်မှုကို ပြုလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ သွားလျှင်၊ ထိုင်လျှင်၊ ရပ်လျှင်၊ အိပ်လျှင်၊ နိုးထလျှင်၊ စကားပြောလျှင်၊ ဆိတ်ဆိတ်နေလျှင်၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ မည်သို့ သိရမည်ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှုတို့ဖြင့် တည်ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

၃၂ ဋ္ဌာန ရှုမှတ်ပုံ

အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ခြေဖျားမှ ဆံပင်အထိ၊ တစ်လံမျှရှိသော ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ်ထားသော ဤခန္ဓာကိုယ် ထဲတွင် စက်ဆုတ်ဖွယ်ကောင်းသော၊ ရွံရှာဖွယ် ကောင်းသော အသွေး၊ အသား၊ ကလီစာ၊ အဆိုင်အခဲ မျှသာရှိသည်ကို ဉာဏ်ဖြင့် စူးစိုက်ဆင်ခြင်ရမည်။ ဤခန္ဓာထဲတွင် ရှိသော အရာများကား ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရေခွံ၊ အသားတုံး၊ အကြော၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ သွေးရည်၊ ချွေး၊ တံတွေး၊ နှပ်၊ ဤ ရွံရှာဖွယ်ကောင်းသော အရာများသာ ရှိသည်ဟု ဉာဏ်ဖြင့် စူးစိုက် ဆင်ခြင်ရမည်။ ဥပမာ၊ အိပ်တခုထဲတွင် စပါး၊ ကောက်ကြမ်း၊ ပဲကြီး၊ ပဲနောက်၊ နှမ်း၊ ဆန်တို့ဖြင့် ရောနှော ပြည့်နှက်နေသည် ဖြစ်အံ့။ ထိုအိပ်ကို ဖြေ၍ မျက်စိလျှင်သော ယောက်ျားသည် ဤကား စပါးတည်း၊ ဤကား ကောက်ကြမ်းတည်း၊ ဤကား ပဲကြီးတည်း၊ ဤကား ပဲနောက်တည်း၊ ဤကား နှမ်းတည်း၊ ဟူ၍ ခွဲခြမ်း စိတ်ဖြာသည် ဖြစ်အံ့။ ဤသို့ စပါးမျိုးများကို ခွဲခြမ်းစိတ်ဖြာ၍ ရှုသည့်နည်းတူ၊ ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ်ထားသော ဤခန္ဓာကိုယ် ထဲတွင် ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ တံတွေး၊ နှပ်၊ စသော ဤ ရွံရှာဖွယ်ကောင်းသော အရာများသာဖြင့်သာ ပြည်နှက်နေသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဓာတ်သဘော ရှုမှတ်ပုံ

အခြား ရှုပုံတနည်းကား၊ ရဟန်းသည် မိမိ၏ ရုပ်သည် မူလအတိုင်း (အရှိကို၊ အရှိအတိုင်း) ဖြစ်သော ဓာတ်သဘောမျှသာ ရှိပြီး၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်စူးစိုက်၍ ရှုမှတ် နှလုံးသွင်းနေရမည်။ မည်သို့ ဓာတ်သဘော မျှသာဟု နှလုံးသွင်းမည်နည်း။ ဤကိုယ်ထဲတွင် အစိုင်အခဲ အမာခံဓာတ် ဖြစ်သော ပထဝီဓာတ်၊ ယိုစီးဖွဲတယ်သော အရည်ဓာတ်ဖြစ်သည့် အာပေါဓာတ်၊ ပူနွေးလောက်ကျွမ်းသော အပူဓာတ်ဖြစ်သည့် တေဇောဓာတ်၊ ရွေးလျားတတ်သော သဘောရှိသည့် ဝါယောဓာတ် စသော ဓာတ်သဘောများသာ ရှိသည်၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်ရှုမှတ် ရမည်။ ဥပမာ၊ ကျွမ်းကျင်သော နွားသတ်သမားသည် နွားတကောင်ကို သတ်၍၊ အပိုင်းပိုင်းခုတ်ခါ လမ်းလေးခွတွင် ပုံထားအံ့။ ထိုသို့ အသားကို ပုံပြီးသော်၊ လူအပေါင်းသည် နွားကောင်ကို မမြင်၊ အသားပုံကိုသာ မြင်၏ ထိုးနည်းတူစွာပင် ရဟန်းသည် မိမိကိုယ်ထဲတွင်ရှိသော မာသောသဘော၊ ပူသောသဘော၊ အရည်သဘော၊ ရွေ့လျှားသော သဘော များသာရှိသည်ကို စူးစိုက်ဆင်ခြင်နေရမည်။ ထိုအခါ ရုပ်ဆိုသည်မှာ မူလအတိုင်းရှိသည့် ဓာတ်သဘောများသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

အသုဘ အလောင်းကောင် ရှုမှတ်ပုံ

အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော ၃-၄ရက်လွန်သော် ဖူးဖူးရောင်ကာ အညိုအမဲ အဆင်းပျက်လျှက်၊ ပြည်တစိုစို စီးယိုလျှက်ရှိသော သူသေ အလောင်းကောင်ကို တွေ့မြင်ရသကဲ့သို့ မိမိ၏ ကိုယ်သည်လည်း ဤသူသေ အလောင်းကောင်ကဲ့သို့ပင် သဘောရှိလေသည်။ ဤသူသေ အလောင်းကောင် ကဲ့သို့ပင် မိမိကိုယ်သည်လည်း ဖူးဖူးရောင်ခြင်းသဘော၊ ညိုမဲအဆင်းပျက်လျှက် ပြည်တစိုစို စီးယိုခြင်းသဘော စသည်တို့ မချွတ်ဖြစ်ရမည်ကို နိုင်းဆ ဆင်ခြင်၍ ရှုမှတ်ရမည်။ ဤသို့ ဆင်ခြင်လျှင် မိမိ၏ ရုပ်အပေါင်းသည် ဖူးဖူးရောင်သော သူသေကောင်နှင့် ဘာမှခြားနားခြင်းမရှိ၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး အသား အကြောတို့ဖြင့် ဖွဲ့တွယ်လျှက်ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသားကင်းလျှက် သွေးကြွင်းမျှ လူးကပ်လျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး၊အသား လုံးဝကင်းလျှက် အကြောမျှဖြင့် ဖွဲနွဲ့ထားသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အဆစ်ပြုတ်ကာ ကစင့်ကရဲ ပြန့်နှံ့လျှက်၊ တစ်နေရာတွင် လက်ရိုး၊ တစ်နေရာတွင် ခြေရိုး၊ တစ်နေရာတွင် ခြေသလုံးရိုး၊ တစ်နေရာတွင် နံရိုး၊ တစ်နေရာတွင် လည်ပင်းရိုး၊ တစ်နေရာတွင် ဦးခေါင်းခွံတို့ ပြန့်ကျဲလျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။
အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ တစ်နှစ်ကျော်ကြာ စွန့်ပစ်ထားသော သူသေကောင်သည် အရိုးတို့ အစုအပုံ ဖြစ်လျှက်၊ အမှုန့်မှုန့် ဆွေးမြည့်ကုန်သော အရိုးတို့ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤအရိုးမှုန့်များ ကဲ့သို့ပင် ဆွေးမြည့်၍ အမှုန့်မှုန့် ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား ဆွေးမြည့်ကာ အမှုန့်မှုန့် ဖြစ်သော အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ရုပ်ကို၊ ရုပ်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

ဝေဒနာ နုပဿနာ

ရဟန်းသည် ခံစားမှု ဝေဒနာတို့ကို၊ ခံစားမှု ဝေဒနာမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် ချမ်းသာသော ဝေဒနာတို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏ ဆင်းရဲသော ဝေဒနာတို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲသော ဝေဒနာကို ခံစားရသည်ဟု သိ၏မဆင်းရဲ၊ မချမ်းသာ (မဆိုးမကောင်း) ခံစားရလျှင်လည်း (ခံစားဆဲ ခံစားခိုက်၌) မဆင်းရဲ၊ မချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏

ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် မဆက်စပ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် မဆက်စပ်သော ဆင်ရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ခန္ဓာနှင့် မဆက်စပ်သော ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ဤသို့ဖြင့် မိမိ၏ ခံစားမှု ဝေဒနာတို့ကို ခံစားမှု သက်သက်မျှသာဟု သိလျှက် နေ၏။ ခံစားမှု ဝေဒနာတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ခံစားမှု ဝေဒနာတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ခံစားမှု ဝေဒနာတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် ခံစားမှု ဝေဒနာတို့သည် ခံစားတတ်သော သဘောမျှသာ ရှိသည်၊ ခံစားနေသော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ခံစားမှု ဝေဒနာအပေါင်းသည် ခံစားတတ်သော သဘောမျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ခံစားမှု ဝေဒနာတို့ကို၊ ခံစားမှု သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

စိတ္တာနုပဿနာ

ရဟန်းသည် ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘောမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် တပ်မက်တတ်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တပ်မက်တတ်သော စိတ်သဘောမျှသာဟု သိ၏ အမျက်ထွက်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ အမျက်ထွက်တတ်သော စိတ်သဘောမျှသာဟု သိ၏ တွေဝေသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တွေဝေတတ်သော စိတ်သဘောမျှသာဟု သိ၏ ပျင်းရိသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ပျင်းရိတတ်သော စိတ်သဘောမျှသာဟု သိ၏ ပျံ့လွန့်သော စိတ်ကိုလည်း၊ ပျံ့လွန့်သော စိတ်သဘောမျှသာဟု သိ၏ တည်ကြည်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တည်ကြည်သော စိတ်သဘောမျှသာဟု သိ၏ ကိလေသာမှ လွတ်ကင်းသော ဝိမုတ္တိ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာမှ လွတ်ကင်းသော ဝိမုတ္တိ စိတ်သဘောမျှသာဟု သိ၏ ကိလေသာမှ လွတ်မြောက်သော မဂ္ဂ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာမှ လွတ်မြောက်သော မဂ္ဂ စိတ်သဘောမျှသာဟု သိ၏ ဤသို့ဖြင့် မိမိ၏ ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘောမျှသာဟု သိလျှက် နေ၏။ ကြံသိမှု စိတ်တို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ကြံသိမှု စိတ်တို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ကြံသိမှု စိတ်၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် ကြံသိတတ်သော စိတ်သဘောတို့သာ ရှိသည်၊ ကြံစဉ်တွေးတောတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ကြံသိမှု စိတ်သဘောတို့ကို၊ ကြံသိတတ်သော စိတ်သဘော သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘော သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

ဓမ္မာ နုပဿနာ

ရဟန်းသည် မိမိသန္တာန်တွင် ထင်သော ရုပ်နာမ် သဘောတရာများကိုလည်း၊ ရုပ်နာမ်သဘောမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။

နီဝရဏ ငါးပါး ရှုမှတ်ပုံ

သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်လာသော နီဝရဏ တရားများ (တရားထိုင်နေစဉ် တွေ့ရသော အဖျက်တရားများ) အား၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်၍ နေရမည်။ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ အားထုတ်နေသော ရဟန်းသည် မိမိသန္တန်တွင် ကာမစ္ဆန္ဒစိတ် ရှိလျှင်လည်း၊ ကာမစ္ဆန္ဒစိတ် ရှိသည်ကို သိ၏ ကာမစ္ဆန္ဒစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ကာမစ္ဆန္ဒစိတ်သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစိတ်သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ကာမစ္ဆန္ဒစိတ်သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဗျာပါဒစိတ် ရှိလျှင်လည်း၊ ဗျာပါဒစိတ် ရှိသည်ကို သိ၏ ဗျာပါဒစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဗျာပါဒစိတ်သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဗျာပါဒစိတ်သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဗျာပါဒစိတ်သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ထိနမိဒ္ဓစိတ် ရှိလျှင်လည်း၊ ထိနမိဒ္ဓစိတ် ရှိသည်ကို သိ၏ ထိနမိဒ္ဓစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ထိနမိဒ္ဓစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ထိနမိဒ္ဓစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ထိနမိဒ္ဓစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် ရှိလျှင်လည်း၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် ရှိသည်ကို သိ၏ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဝိစိကိစ္ဆာစိတ် ရှိလျှင်လည်း၊ ဝိစိကိစ္ဆာစိတ် ရှိသည်ကို သိ၏ ဝိစိကိစ္ဆာစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဝိစိကိစ္ဆာစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဝိစိကိစ္ဆာစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏
နီဝရဏတရားတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ နီဝရဏတရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ နီဝရဏတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော နီဝရဏတရားသဘောတို့သာ ရှိသည်၊ ထိုတရားတို့ကို ကြံစဉ်တွေးတောတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရာများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် နီဝရဏ တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ကာမစ္ဆန္ဒ - လိုချင်တပ်မက်ခြင်း
ဗျာပါဒ - အလိုမကျ၊ စိတ်ဆင်းရဲခြင်း
ထိနမိဒ္ဓ - တွေဝေ ငိုက်မျည်းခြင်း
ဥဒ္ဓစ္စ၊ ကုက္ကုစ္စစိတ် - နောင်တ၊ နှလုံးမသာယာခြင်း
ဝိစိကိစ္ဆာ - မဝေခွဲနိုင်ခြင်း

ခန္ဓာငါးပါး ရှုမှတ်ပုံ

အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ခန္ဓာငါးပါး တရားတို့အားလည်း၊ ငါ၊ အသက်ကောင် မဟုတ်သော တရားမျှသာဟု ရှုမှတ်လျှက်နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်သော ရဟန်းသည် ဤကား ရုပ်ပေတည်း၊ ဤကား ရုပ်၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ရုပ်၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား ခံစားမှု ဝေဒနာတို့ ပေတည်း၊ ဤကား ခံစားမှု ဝေဒနာ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ခံစားမှု ဝေဒနာ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား မှတ်သားအဓိပ္ပာယ်ဖော်တတ်သော သညာ သဘောတရားတို့ ပေတည်း၊ ဤကား သညာ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား သညာ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား စဉ်းစားတတ်သော သင်္ခါရ သဘောတရားတို့ ပေတည်း၊ ဤကား သင်္ခါရ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား သင်္ခါရ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။  တဖန် ဤကား သိတတ်သော ဝိညာဉ် သဘောတရားတို့ ပေတည်း၊ ဤကား ဝိညာဉ်၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ဝိညာဉ်၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။

မိမိသန္တာန်တွက် ဖြစ်ပေါ်သော ခန္ဓာငါးပါး တရားတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ခန္ဓာငါးပါး တရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ခန္ဓာငါးပါး တရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော ခန္ဓာငါးပါး တရားသဘောတို့သာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရာများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ခန္ဓာငါးပါး တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

အာရုံခြောက်ပါး ရှုမှတ်ပုံ

အခြားရှုပုံ တနည်းကား၊ ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်သော အာရုံခြောက်ပါး တရားတို့အား၊ ငါ၊ အသက်ကောင် မဟုတ်ဟု ရှုမှတ်လျှက် နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်သော ရဟန်းသည် မိမိ၏ သန္တာန်တွင် မျက်စိကိုလည်း သိ၏ အဆင်းကိုလည်း သိ၏ မျက်စိနှင့် အဆင်း ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် နားရုပ်ကိုလည်း သိ၏ အသံကိုလည်း သိ၏ နားနှင့် အသံ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် နှာခေါင်းရုပ်ကိုလည်း သိ၏ အနံ့ကိုလည်း သိ၏ နှာခေါင်းနှင့် အနံ့ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် လျှာရုပ်ကိုလည်း သိ၏ အရသာကိုလည်း သိ၏ လျှာနှင့် အရသာ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် အတွေ့ကိုယ်ရုပ်ကိုလည်း သိ၏ အထိအတွေ့ကိုလည်း သိ၏ ကိုယ်နှင့် အထိအတွေ့ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် စဉ်းစားသောစိတ်ကိုလည်း သိ၏ အာရုံကိုလည်း သိ၏ စိတ်နှင့် အာရုံ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။

အာရုံခြောက်ပါး၌ စွဲမှီဖြစ်ပေါ်လာသော သံယောဇဉ်၏ စွဲမှီဖြစ်ပေါ်လာသောအကြောင်းကိုလည်း သိ၏ အာရုံတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ အာရုံခြောက်ပါး သဘောတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော အာရုံခြောက်ပါး သဘောတရားတို့သာ ရှိသည်၊ ထိုတရားတို့ကို သိရှိခံစားတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရားများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် အာရုံခြောက်ပါးတရားတို့၌ ဖြစ်ပေါ်သော တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

ဗော ဇ္ဈင် ခုနစ်ပါး ရှုမှတ်ပုံ

အခြားရှုပုံ တနည်းကား၊ တရားအားထုတ်လျှက်ရှိသော ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်သော ဗော ဇ္ဈင် ခုနစ်ပါး တရားတို့အား (တရားအားထုတ်ရာတွင် အထောက်အပန့် ပေးသော တရားများ)၊ ငါ၊ အသက်ကောင် မဟုတ်ဟု ရှုမှတ်လျှက် နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်နေသော ရဟန်းသည် မိမိ သန္တာန်တွင် သတိရှိလျှင်လည်း၊ သတိရှိသည်ကို သိ၏ သတိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထိုသတိသည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဝိစယ ရှိလျှင်လည်း၊ ဝိစယ ရှိသည်ကို သိ၏ ဝိစယ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဝိစယ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဝီရိယ ရှိလျှင်လည်း၊ ဝီရိယ ရှိသည်ကို သိ၏ ဝီရိယ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဝီရိယ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ပီတိ ရှိလျှင်လည်း၊ ပီတိ ရှိသည်ကို သိ၏ ပီတိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ပီတိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ပဿဒ္ဓိ ရှိလျှင်လည်း၊ ပဿဒ္ဓိ ရှိသည်ကို သိ၏ ပဿဒ္ဓိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ပဿဒ္ဓိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် သမာဓိ ရှိလျှင်လည်း၊ သမာဓိ ရှိသည်ကို သိ၏ သမာဓိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို သမာဓိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဥပေက္ခာ ရှိလျှင်လည်း၊ ဥပေက္ခာ ရှိသည်ကို သိ၏ ဥပေက္ခာ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဥပေက္ခာ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဥပေက္ခာ ရှိလျှင်လည်း၊ ဥပေက္ခာ ရှိသည်ကို သိ၏ ဥပေက္ခာ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဥပေက္ခာ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။

ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ မိမိ သန္တာန်တွင် စွဲမှီဖြစ်ပေါ်လာသောအကြောင်းကိုလည်း သိ၏ ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ဗော ဇ္ဈင် ခုနစ်ပါး သဘောတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော ဗော ဇ္ဈင် ခုနစ်ပါး သဘောတရားတို့သာ ရှိသည်၊ ထိုတရားတို့ကို သိရှိခံစားတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရားများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။

ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။

သတိ - သတိရှိခြင်း သဘော။
ဝိစယ - စူးစမ်း ဆင်ခြင်ခြင်း သဘော။
ဝီရိယ - ကျိုးစား အားထုတ်ခြင်း သဘော။
ပီတိ - ပီတိဖြစ်ခြင်း သဘော။
ပဿဒ္ဓိ - ငြိမ်းချမ်းခြင်း သဘော။
သမာဓိ - စိတ်ငြိမ်ခြင်း သဘော။
ဥပေက္ခာ - အညီအမျှ သဘောထားနိုင်ခြင်း သဘော။

ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ရုပ်နာမ်တရားတို့အား၊ ရုပ်နာမ်တရား သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။

အကြင် ပုဂ္ဂိုလ် တဦးတယောက်သည် ဤ သတိပဋ္ဌာန် တရား ၄ ပါးအား ခုနှစ် နှစ်ပတ်လုံး ပွားများသည် ဖြစ်အံ့။ ဤပွားများသော ပဂ္ဂိုလ်သည် မျက်မှောက်၌ပင် အရဟတ္တဖြစ်စေ၊ အကြောင်းမညီညွတ်သည် ရှိသော် အနာဂါမ်ဖြစ်စေ၊ တစ်ပါးပါးသော ဖိုလ်ကို ရမည်မှာ မချွတ်ဧကန် ပင်ဖြစ်သည်ဟု ယုံကြည်အားထား နိုင်ပေ၏ ခုနှစ်နှစ် ဆိုသည်ကိုပင်ထားစေအုံး၊ ခြောက်နှစ်မှ ခုနှစ်ရက် အတွင်း၌ပင် အရဟတ္တဖြစ်စေ၊ အကြောင်းမညီညွတ်သည် ရှိသော် အနာဂါမ်ဖြစ်စေ၊ တစ်ပါးပါးသော ဖိုလ်ကို ရမည်မှာ မချွတ်ဧကန် ပင်ဖြစ်သည်ဟု ယုံကြည်အားထား နိုင်ပေ၏

ဒေသနာ နိဂုံး

ဤ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်ကို ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော် မူခဲ့လေသတည်း။ ထိုစဉ်အခါက တရားနာယူလျှက်ရှိသော ရဟန်းတို့သည် မြတ်စွာဘုရား၏ ဒေသနာတော်တွင် ဝမ်းမြောက်ရွင်ပျ၊ သာဓုခေါ်လျှက် နှစ်သက်အားရ သဘောကျ ကုန်လေသတည်း။

ဤတွင် မဟာသတိပဋ္ဌာနသုတ် ပြီး၏။ ။


Posted via Blogaway

1 comments:

  1. သာဓုသာဓုသာဓုပါ ဘုရား
    တပည်​​တော်​အတွက်​...
    မဂ်​ဉဏ်​ ဖိုလ်​ဉဏ်​ကို..
    အ​ထောက်​ပံ​ကောင်းဖြစ်​ရ​ကြောင်းပါ ဘုရား။

    ReplyDelete

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)