Friday, August 15, 2014

ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရ

ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရ

ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရသည် ရွှေဘိုမြို့တောင်ဘက် ခရီး ၆-တိုင်ကွာ လှတောကြီး ၅-ရွာအ၀င် ရွှေကျင်ရွာ၌ ၁၁၈၄-ခု၊ ၀ါဆိုလပြည့်ကျော် ၁၂-ရက်၊ အင်္ဂါနေ့ ( ၁၈၂၃ ) တွင် ဖွားမြင်တော်မူသည်။ အဖမှာ ဦးမောင်+အမိမှာ ဒေါ်မယ်မိ တို့ဖြစ်သည်။

အသက် ၁၄-နှစ်အရွယ်တွင် ရှင်သာမဏေပြုပီးနောက် အသက် ၂၀-တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ အမြို့မြို့ အရွာရွာရှိ ဆရာတော်ကြီးများထံတွင် ပိဋကတ်ကျမ်းဂန်တို့ကို လေ့လာသင်ယူခဲ့ပါသည်။ မြန်မာ၊ ပါဠိ၊ စာပေကျမ်းဂန်တို့ကိုသာမက ဗင်္ဂါလီ၊ နာဂရီ၊ သက္ကတစာပေကျမ်းဂန်များကိုပါ တတ်မြောက်တော်မူသည်။

စာသင်သားတို့အား စာပေပို့ချရုံမက ကျမ်းပေါင်း ၃၀-ကျော်ကိုလည်း ပြုစုတော်မူခဲ့သည်။ တောရဆောက်တည်၍ ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းလည်း ပြုခဲ့သည်။ သာသနာတော် သန့်ရှင်းစည်ပင်မှုကို အလေးထား ဆောင်ရွက်တော်မူသည်။ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သာသနာ၌ ရွှေကျင်ဂိုဏ်း-ဟု သာသနာဂိုဏ်းကြီး တဂိုဏ်း ပေါ်ထွက်လာခဲ့သည်။ ဆရာတော်ကြီးအား မင်းတုန်းမင်းနှင့် သီပါမင်းတို့က အထူးဆည်းကပ် ကိုးကွယ်ကြသည်။ သီပေါမင်းက ၁၂၄၄-ခု တပေါင်း ( ၁၈၆၃-မတ်လ ) တွင် ဆရာတော်ကြီးအား ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု-တံဆိပ်တော် လှူဒါန်း ဆက်ကပ်ခဲ့သည်။

ဆရာတော်ကြီးသည် ၁၂၅၅-ခုနှစ် တပေါင်းလပြည့်ကျော် ၇-ရက် ( ၂၇-၃-၁၈၉၄ ) သက်တော် ၇၂-နှစ်၊ ၀ါတော် ၅၂-၀ါအရတွင် ဧရာဝတီမြစ် အနောက်ဘက် မင်းကွန်းငွေတောင်တောရ၌ ပျံလွန်တော်မူခဲ့သည်။

Posted via Blogaway


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)