Friday, August 15, 2014

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏ

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏ

မဟာစည် ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏသည် ရွှေဘိုမြို့ ဆိပ်ခွန်ရွာဇာတိ ဖြစ်သည်။ ၁၂၆၆-ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၃-ရက်၊ သောကြာနေ့တွင် ဖွားမြင်တော်မူသည်။
ရှေးဦးစွာ စာပေများပို့ချ၍ ပရိယတ္တိသာသနာကို ပြုခဲ့သည်။ ထို့နောက် သထုံမြို့ မင်းကွန်းဇေတ၀န် ဆရာတော်ကြီး၏ နည်း-ဥပနိဿယကို ရရှိ၍ လက်တွေ့ သတိပဋ္ဌာန်လုပ်ငန်းကို စတင်အားထုတ်ခဲ့သည်။ ထို့နောက် ၀ိပဿနာတရားများကို ဟောကြားပြသခဲ့သည်။ ဆိပ်ခွန်ရွာရှိ မဟာစည်ကျောင်းကို အစွဲပြု၍ မဟာစည်ဆရာတော်-ဟု ခေါ်တွင်ခဲ့သည်။

ရဟန်း ၂၄-၀ါအရတွင် ဒကာ ဒကာမများက မဟာစည်ဆရာတော်ကြီးအား ရွှေဘိုမြို့မှ ရန်ကုန်မြို့ သာသနာ့ရိပ်သာသို့ ပင့်ဆောင် ကိုးကွယ်ခဲ့ကြသည်။ ရန်ကုန်မြို့ သာသနာ့ရိပ်သာ၌ ၁၃၁၁-ခုနှစ် နတ်တော်လပြည့်နေ့မှစ၍ ၀ိပဿနာတရားကို ပြသတော်မူသည်။ ဆရာတော်ကြီးသည် ၁၉၈၁-ခုနှစ်မှ ၁၉၈၂-ခုနှစ်အထိ ၁-နှစ်အတွင်း မြန်မာနိုင်ငံတွင်း၌ တရားဌာနပေါင်း ၃၁၄-ဌာန တည်ထောင်ခဲ့၍ ယောဂီပေါင်း ၇-သိန်းကျော် ၀ိပဿနာတရား အားထုတ်စေခဲ့သည်။ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံအများသို့ ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။ ပြည်ပ၌လည်း တရားဌာနများ တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၀၃-ခုနှစ်တွင် သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယ ဘွဲ့တံဆိပ် ရရှိခဲ့သည်။ ၁၃၁၃-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ှဆဋ္ဌသံဂီတိ ပုစ္ဆက အဖြစ်ဖြင့် ဆဋ္ဌသံဂီတိ အရှင်ဝိစိတ္တသာရာဘိဝံသနှင့်အတူ တာဝန်ယူ ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ကျမ်းပေါင်း ၆၀-ကျော် ရေးသားပြုစုခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးတွင် သြ၀ါဒါစရိယ ဆရာတော်ကြီးတပါးအဖြစ် ပါဝင်တော်မူခဲ့ပါသည်။ ၁၃၄၄-ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ၁၀-ရက် ( ၁၀-၈-၁၉၈၂ ) တွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ စံကျောင်းတော်၌ ပျံလွန်တော်မူသည်။


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)