Friday, August 15, 2014

မဟာစည်ကမ္မဋ္ဌာနာစရိယ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ

မဟာစည်ကမ္မဋ္ဌာနာစရိယ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ

သဒ္ဓမ္မရံသီရိပ်သာဆရာတော်
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသသည် ပဲခူးတိုင်း ဝေါမြို့နယ် ၀င်းကဒတ်ရွာဇာတိဖြစ်သည်။ ၁၂၈၃-ခုနှစ် နယုန်လဆန်း ၁-ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူသည်။ ခမည်းတော် ဦးသာဖြိုး+မယ်တော် ဒေါ်ပု ဖြစ်သည်။
ဆရာတော်လောင်းလျာသည် ၁၂၉၃-ခုနှစ်တွင် ရှင်သာမဏေပြု၍ ၁၃၀၂-ခုနှစ်တွင် ရဟန်းပြုသည်။ ထင်ရှားသော ကျောင်းတိုက်ကြီးများ၌ ပရိယတ္တိစာပေများ သင်ယူခဲ့သည်။ သာသနဓဇသိရီပ၀ရ ဓမ္မာစရိယ စာမေးပွဲများကို အောင်မြင်တော်မူခဲ့သည်။

ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်၌ တပည့်ရဟန်း-သာမဏေများအား ပိဋကတ်စာပေများကို နှစ်ပေါင်း ၂၀-ခန့် သင်ကြားပို့ချခဲ့သည်။ ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၌ ၀ိပဿနာ အားထုတ်ရာမှ ထူးချွန်သဖြင့် မဟာစည်ကမ္မဋ္ဌာနာစရိယ ဖြစ်လာခဲ့သည်။

၁၃၄၁-ခုနှစ်မှစ၍ သဒ္ဓမ္မရံသီရိပ်သာကို တည်ထောင်၍ မဟာစည်သြ၀ါဒနှင့်အညီ ၀ိပဿနာတရားများ ဟောကြားပြသခဲ့သည်။ ဆရာတော်သည် မဟာစည်ရိပ်သာ နာယက ကမ္မဋ္ဌာနာစရိယ အဖြစ်လည်း ဆောင်ရွက်တော်မူလျက် ရှိသည်။ ပြည်တွင်း ပြည်ပတို့တွင် ၀ိပဿနာတရား ပြန့်ပွားအောင် ကြိုးစားဆောင်ရွက်လျက် ရှိသည်။ သဒ္ဓမ္မရံသီရိပ်သာခွဲများ အဖြစ်-
(၁) ရန်ကင်းမြို့ ကျောက်ကုန်း၌ သုခါပဋိပဒါ သဒ္ဓမ္မရံသီရိပ်သာ
(၂) လှည်းကူးမြို့နယ် သရက်ကုန်းကျေးရွာ၌ ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာ
(၃) ညောင်လေးပင်မြို့၌ ၀ိဝေကတောရ သဒ္ဓမ္မရံသီရိပ်သာတို့ကို တည်ထောင်ဖွင့်လှစ်ထားသည်။

ဆရာတော်သည် ၀ိပဿနာဆိုင်ရာ ဆောင်းပါးများနှင့် ကျမ်းစာအုပ်များကိုလည်း ရေးသားပြုစုတော်မူသည်။ ၁၉၉၂-ခုနှစ်တွင် နိုင်ငံတော်က ဆရာတော်အား မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။


Posted via Blogaway

0 comments:

Post a Comment

လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ။ကွန်မင့်ရေးသားထားခဲ့ ဖို့ မေတ္တာရပ်ခံပါတယ်

အရှင်ယဿ(လယ်တီ)